အပျော့စားသတ္တု (၀တ္ထုတို)

 

တနေ့ ကျွန်တော့်ကလေးများကို စာသင်ပေးနေသော ဆရာမလေးယူလီယာ ဗာဆီယက်ဗနာ့ကို ကျွန်တော့် စာကြည့်ခန်းအတွင်း ခေါ်ခိုင်းလိုက်သည်။ ပေးစရာ ငွေကြေး ကိစ္စများကို ရှင်းပေးရန်ဖြစ်သည်။

“ထိုင်ပါဆရာမ” ဟုပြောရင်း …….
“ပေးစရာရှိတာလေးတွေ ပေးမလို့ အခေါ် ခိုင်းလိုက်တာပါ၊ ဆရာမလည်း ငွေလိုရော့မယ်။ ဒါပေမယ့် ဆရာမကလည်း မတောင်းဘူး ကောင်းပြီလေ အခုပေးတာပေါ့။ ကလေးတွေကို စာသင်ပေးဖို့ ဆရာမ တစ်လ ရူဘယ် ၃၀ နဲ့ သဘောတူ ခဲ့တယ်နော်”

“တစ်လ ၄၀ ပါ”
“မဟုတ်ဘူး ၃၀၊ ဒီမှာ စာနဲ့ သေသေချာချာ ရေးထားတယ်။ အိမ်မှာ ကလေးတွေကို စာလာပြပေးတဲ့ ဆရာမမှန်သမျှ တစ်လ ရူဘယ် သုံးဆယ်ပဲ အမြဲပေးခဲ့တယ်။ ဆရာမ ဒီမှာ စာသင်ပေးနေတာ အခုဆိုရင် နှစ်လ ရှိသွားပြီနော်”

“နှစ်လနဲ့ ငါးရက်ပါ”

“မဟုတ်ဘူး၊ ဒီနေ့ပါ ပေါင်းမှ နှစ်လတိတိ၊ ဒီမှာအားလုံး စာနဲ့ ရေးမှတ်ထားတယ်၊ အခု ဆရာမကို ပေးရမှာက
နှစ်လစာဆိုတော့ ရူဘယ် ခြောက်ဆယ်။ အဲဒီထဲက တနင်္ဂနွေ ကိုးရက်ကို နှုတ်ရဦးမယ်။ တနင်္ဂနွေနေ့တွေမှာဆရာမဟာ သားလေး ကိုလျာကို စာသင်မပေးခဲ့ဘူး။ ပြီးတော့ အားလပ်ရက်နဲ့ ပိတ်ရက်က သုံးရက်ပါသေးတယ်”

ဆရာမလေး ယူလီယာဗာ့ဆီလီယက်ဗနာသည် မျက်နှာကြီး နီရဲကာ စကတ်အနားစွန်းလေးကို လက်ဖျားနဲ့ စိတ်လှုပ်ရှားစွာ ကိုင်နေသည်။ စကားတစ်ခွန်းမှ မပြော။

“အားလပ်ရက်က သုံးရက်၊ သုံးရက်အတွက် တစ်ဆယ့်နှစ်ရူဘယ်ဖြတ်ရမယ်၊ သားလေး လေးရက် နေမကောင်း ဖြစ်တာနဲ့ စာမသင်ခဲ့ရဘူး။ ဆရာမဟာ ဗာယာနဲ့ပဲ နေခဲ့ရတယ်။ ဆရာမ သွားလိုက်တာ သုံးရက်၊ အိမ်ရှင်မက ဆရာမကို ညစာ စားပြီးချိန်ဆို အနားပေးထားတယ်။ တစ်ဆယ့်နှစ် ရူဘယ်နဲ့ ခုနှစ်ရူဘယ် ပေါင်းတော့ တစ်ဆယ့်ကိုးရူဘယ်။ လစာထဲက တစ်ဆယ့်ကိုးရူဘယ်ကို နှုတ်တော့ လေးဆယ့် တစ်ရူဘယ်ပဲ ကျန်တော့တယ်။ မှန်တယ်နော်။”

ဆရာမလေး ယူလီယာဗာဆီလီယက်ဗနာ၏ ဘယ်ဘက် မျက်လုံးများသည် နီရဲသွားကာ မျက်ရည်များ ၀ိုင်းစို့လာသည်။ မေးလည်း တဆတ်ဆတ် တုန်လာသည်။ ဆရာမလေးသည် ချောင်းတစ်ချက် ဆိုးလိုက်ကာ နှာခေါင်းကို ပွတ်သည်။ သို့သော် စကား တစ်ခွန်းမှ မပြော။

“နှစ်သစ်ကူးပွဲ မတိုင်မီက လက်ဖက်ရည်အချိုခွက်နဲ့ ပန်းကန်ပြား ဆရာမကြောင့် ကွဲသွားခဲ့တယ်။ အဲဒါအတွက် နှစ်ရူဘယ်၊ လက်ဖက်ရည်ခွက်က အတော် တန်ဖိုးကြီး ပါတယ်။ မိသားစု အစဉ်အဆက် ထိန်းသိမ်း ဆက်ခံလာတဲ့ ပစ္စည်းမို့ အတော်ကလေး စိတ်မကောင်း ဖြစ်ခဲ့ရတယ်။ ထားပါတော့လေ၊ ပိုပြီး ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တာ ရှိသေးတယ်။  ဆရာမရဲ့ ပေါ့ဆမှုကြောင့် သားလေးဟာ သစ်ပင်ပေါ် တက်လို့ အင်္ကျီတွေ စုတ်ပြဲသွားခဲ့တယ်။ အဲဒါအတွက် တစ်ဆယ်ရူဘယ်။  ဆရာမရဲ့ ပေါ့ဆ မှုကြောင့် အိမ်ဖော်မလေးက ဗာယာရဲ့ ဘွတ်ဖိနပ်ကို ခိုးယူသွားခဲ့တယ်၊ ဒါတွေ အားလုံးကို မျက်လုံး ဒေါက်ထောက် ကြည့်ရမှာက ဆရာမအလုပ်။ ဒါ့အတွက် ဆရာမကို ပိုက်ဆံပေးပြီး ငှားထားတာကိုး။ အဲဒီအတွက် ငါးရူဘယ် ဖြတ်မယ်။ ဇန်န၀ါရီလ ၁၀ ရက်နေ့က ဆရာမ ကျုပ်ဆီက ငွေ ချေးတာ ဆယ်ရူဘယ်”

“ဟင်အင်း ကျွန်မ ရှင့်ဆီက မချေးခဲ့ပါဘူး” ဟု ဆရာမလေးက လေသံသဲ့သဲ့ဖြင့် ပြောသည်။
“ဒီမှာ ဆရာမ အားလုံးကို စာနဲ့ရေးမှတ်ထားတယ်”
“ဒါဆိုလည်း ကောင်းပါပြီ၊ နောက်တော့ကော”
“လေးဆယ့်တစ် ရူဘယ်ထဲကနေ နှစ်ဆယ့်ခုနှစ် ရူဘယ်နှုတ်တော့ တစ်ဆယ့်လေး ရူဘယ် ကျန်တယ်”
ဆရာမလေး၏ မျက်လုံးအစုံသည် မျက်ရည်များဖြင့် ပြည့်သိပ်နေကာ သွယ်တန်း လှပသော နှာတံ စင်းစင်းပေါ်တွင် ချွေးသီးချွေးပေါက်များ ၀ိုင်းစို့လာသည်။ သနားစရာ အတော်ကောင်းသော မိန်းကလေး……။

“ကျွန်မ တစ်ခါပဲ ပိုက်ဆံ ချေးခဲ့ဘူးပါတယ်၊ ရှင့်ဇနီးဆီက သုံးရူဘယ်တည်းရယ်ပါ၊ ဒါထက် တစ်ပြားမှ မပိုခဲ့ပါဘူး။” ဟု အသံ တုန်တုန်ဖြင့် ပြောလာပါသည်။
“အဲဒါကို ထည့်မပြော ရသေးဘူးကိုး၊ ဒီတော့ တစ်ဆယ့်လေးရူဘယ်ထဲက သုံးရူဘယ် ထပ်နှုတ်တော့ တစ်ဆယ့်တစ် ရူဘယ်ပဲ ကျန်တော့တယ်။ ဒီမှာ သုံးရူဘယ်၊ နောက် သုံးရူဘယ်၊ နောက် သုံးရူဘယ်၊ တစ်ရူဘယ်၊  ဒီတော့ ရော့ဒီမှာ  အားလုံး တစ်ဆယ့်တစ်ရူဘယ်။ အဲဒါ ဆရာမ ပိုက်ဆံ။”
ကျွန်တော်သည် ဆရာမလေးကို ငွေ လှမ်းပေးလိုက်သည်။ ဆရာမလေးသည် ငွေကို တုန်တုန်ရီရီနှင့် လှမ်းယူရင်း အင်္ကျီအိပ်ကပ်ထဲ ထည့်လိုက်သည်။

“ကျေးဇူးပါပဲ”
ဟု ခပ်တိုးတိုး ပြောသည်။

ကျွန်တော်သည် ၀ုန်းကနဲ ထရပ်လိုက်ကာ အခန်းထဲတွင် လျှောက်နေမိတော့သည်။
စိတ်လည်းအတော် ဆိုးသွားသည်။
“နေပါဦး၊ ဆရာမက ကျုပ်ကို ဘာ့အတွက် ကျေးဇူးတင်ရတာလဲ” ဟု ခပ်ဆတ်ဆတ် မေးလိုက်သည်။
“ပိုက်ဆံပေးတဲ့ အတွက်ပါ”
“ကျုပ် ခင်ဗျားကို ငွေ လိမ်ပေးနေတာ၊ နေ့ခင်းကြောင်တောင်ကြီး၊ အေးဓါးပြ တိုက်နေတာ၊ ဘာပြုလို့ ခင်ဗျားက ကျုပ်ကို ကျေးဇူးတင်တာလဲ”
“တစ်ခြားမှာဆို တစ်ပြားမှ မရလို့ပါ”
“တစ်ပြားမှမရဘူး၊ ဟုတ်လား။ ဖြစ်မှ ဖြစ်ရလေ၊ အေးလေ…….။ အံ့သြစရာတော့ မရှိပါဘူး။ ကျုပ် ခင်ဗျားကို ရက်စက်တဲ့ သင်ခန်းစာ တစ်ခုကို ပေးချင်လို့ပါ။ ခင်ဗျား လစာ နှစ်လအတွက် ရူဘယ် ရှစ်ဆယ်လုံးလုံး အပြည့်ပေးမှာပါ။ ဟောဟိုက စာအိပ်လေးထဲမှာ အပြည့် ထည့်ထားပါတယ်။ ဆရာမ…  ခင်ဗျား ဘာပြုလို့ ဒီလောက် ပျော့ညံ့ရတာလဲ။ မဟုတ်တာကို ဘာဖြစ်လို့ ပြန်မပြောရဲ ရတာလဲ။ မဟုတ်တာကို ပြန်ပြောရဲရမယ်။ ဒီလိုမှ မဟုတ်ဘူဆိုရင်တော့ ဘ၀မှာ ဘယ်လိုလုပ်ပြီး နေလို့ ရတော့မှာလဲ။ ဒီလို ပျော့ညံ့လို့ ဘယ်ဖြစ်မလဲ”

ဆရာမလေးမျက်နှာ ပြုံးယောင်သန်းလာသည် ။

ကျွန်တော်သည် ဆရာမလေးအား ဘ၀နေနည်း သင်ခန်းစာ တစ်ရပ်ကို ရက်ရက် စက်စက်
ပေးမိလိုက်သည့်အတွက် ခွင့်လွှတ်ဖို့ တောင်းပန်ရင်း ဆရာမဧ။် လစာ ရူဘယ် ရှစ်ဆယ်ကို ပေးလိုက်
ပါသည်။ ဆရာမလေးသည် အံ့အားသင့်၍ နေသည်။

“ကျေးဇူးတင်ပါတယ်”
ဟု ကြောက်ကြောက်ရွံ့ရွံ့နှင့် ပြောရင်း အခန်းထဲမှ ထွက်သွားသည်။ သူ ထွက်သွားလေမှပင် သူ၏
ကျောပြင်ကို ငေးကြည့်ရင်း လောကကြီးမှာ ရက်စက်တယ်ဆိုတာ အလွန် လွယ်ကူတဲ့ အလုပ်ပါလား
ဟု တွေးနေ လိုက်မိတော့၏။            ။

လင်းဝေမြိုင်

ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် (၉)၊ အောက်တိုဘာလ ၁၉၉၅။
(ကမ္ဘာကျော် ရုရှား စာရေးဆရာကြီး Anton Chekhov ၏ ၀တ္ထုတို Softy ကို ပြန်ဆိုခြင်းဖြစ်ပါသည်။)

ဆရာပါရဂူ၏ “ခြင်းတောင်းထဲက ကြက်” ကို ဖတ်ရှုရင်း ~

~ လောက ~

ရှေးဟောင်း ရုရှားပုံပြင်တစ်ပုဒ်က စရမယ်။

ကြက်သတ်သမား တစ်ယောက်မှာ ကြက်ခြင်းကြီးတစ်ခု အကြီးကြီးပဲ ရှိသတဲ့။ အဲ့ဒီ ကြက်ခြင်း ထဲမှာ ကြက်တွေ အမြောက်အမြား ပြွတ်ကျိတ်နေအောင် ထည့်ထားတယ်။ ကြက်တစ်ကောင်ချင်း ကြပ်ညပ်နေကြလို့ အသက်ရှူရခက်လောက်အောင် ဖြစ်ကြတယ်။ အထူးသဖြင့် အောက်မှာ ပိနေတဲ့ ကြက်တွေပဲ။ သူတို့တွေ အသက်ရှူရကျပ်တဲ့ အခါ၊ အပေါ်က ကြက်တွေကို ခေါင်းနဲ့ ထိုးဆိပ် တွန်းထုတ်ပြီး ခေါင်းဝင့်လို့ အသက်ရှူကြရတယ်။ ဒီကြားထဲ ကြက်တွေအားလုံးက မဝရေစာသာ စားထားကြရတာရယ်။ အဲ့အတွက် မွတ်သိပ်တဲ့ ဝေဒနာနဲ့ ဒေါသတွေက ကိုယ်စီရှိကြတယ်။ အဲ့လို တစ်ကောင့် ခန္ဓာကိုယ်ကို တစ်ကောင်နင်းရင်း ထိုးဆိတ်နေကြတဲ့ ကြားက ကြက်မတစ်ကောင်များ တွေ့မိရင်လည်း ဝိုင်းအုံလုနေကြပြန်ရော။

ဒီလိုနဲ့ အဲ့ဒီ ကြက်ခြင်းကြီးထဲက ကြက်တွေဟာ အုတ်အော်သောင်းနင်း ဆူညံ ပွက်လော ရိုက်နေကြတော့တယ်။ အဲ့အချိန် ကြက်သတ်သမား ရောက်လာတယ်။ လက်နဲ့ နီးရာ တစ်ကောင်ချင်း စီကို နှိုက်၊ လည်ပင်းကနေကိုင်ပြီး ခြင်းထဲက ထုတ်သတ်တယ်။ တစ်ကောင်ချင်းစီ ထုတ်သတ်လိုက်၊ နားလိုက်၊ အေးအေးဆေးဆေး စိမ်ပြေနပြေပဲ။ ဓားနဲ့ ခုတ်ထစ်သတ်တာမို့ စင်လာတဲ့ သွေးစသွေးနတွေဟာ ကြက်ခြင်းပေါ်မှာ ပြန့်ကျဲနေကြတယ်။ ခဏနေ တစ်ကောင်ထုတ်၊ သတ်လိုက်၊ နောက်ခဏနေ၊ နောက်တစ်ကောင် ထုတ်၊ သတ်လိုက်နဲ့။

ဒါပေမယ့် ခြင်းတောင်းထဲမှာ ကြက်တွေ အများကြီးကျန်ပါသေးတယ်။ ကျန်ခဲ့တဲ့ ကြက်တွေက တစ်ကောင်လျော့ သွားရင် လျော့သွားတဲ့ အလျောက် ဝမ်းသာကြတယ်။ “ငါတို့ ကို ထိုးနေဆွနေတဲ့ သကောင့်သားတွေတော့ သွားရှာပြီ။ ငါတို့ အသက်ရှူချောင်ပြီ။ ငါ့ ကြက်မကို လုနေတဲ့ ပြိုင်ဘက် အေပေးလေးတွေ ခုတော့ ဘာတတ်နိုင်သေးလဲ၊ သွားကုန်ပြီ” ဆိုပြီး ဝမ်းသာအယ်လှဲ ဖြစ်ကြတယ်။ ရှိတဲ့ ကြက်တွေနဲ့ ဆက်ပြီး ခိုက်ရန် ဖြစ်ကြတယ်။ ထိုးကြဆိတ်ကြ၊ လုနေကြတယ်။ ကြက်ခြင်းကြီးဟာ သွေးအလိမ်းလိမ်းနဲ့ အော်ဟစ်ဗြောင်းဆန် နေကြတယ်။

အဲ့လိုနဲ့ နောက်ဆုံးမှာ ခြင်းကြီးထဲက ကြက်တွေ အားလုံးဟာ ကြက်သတ်သမားရဲ့ ဓားစာ ဖြစ်ကုန်ကြတယ်။ အဲ့အခါ တစ်ကောင်နဲ့ တစ်ကောင် ထိုးဆိတ်နေတဲ့ အကောင်တွေ မရှိတော့ဘူး။ ခွပ်နေ၊ သတ်နေ သံတွေ မရှိတော့ဘူး။ အသက်ရှူမဝတာတွေ မရှိတော့သလို၊ အသက်ရှူ မဝတဲ့ကောင်တွေ လည်း မရှိတော့ဘူး။ အတင်းကာရော အလိုက်ခံလုယက်နေကြတဲ့ ကြက်မတွေ လည်း မရှိတော့သလို၊ မွှန်ထူလိုက်နေကြတဲ့ ကြက်ထီး/ကြက်ဖတွေလည်း မရှိတော့ဘူး။ ကြက်ခြင်းကြီး တစ်ခုလုံးဟာ သွေးအလိမ်းလိမ်းသာ ကျန်ခဲ့တယ်။ ဘာသံမှ မကြားရတော့ဘူး။ ငြိမ်ဝပ်လို့။

ဒီရုရှားပုံပြင်ရဲ့ အမည်က “လောက” ဖြစ်ပါတယ်။ လောက ဟာ ဘာလဲ။ ဘယ်လိုဟာမျိုးလဲ။ လောကမှာ ဘယ်အရာတွေ ရှိသလဲ။ ဒီမေးခွန်းတွေထက် ကျိန်းသေတာက- လောကအတွင်းမှာ ရှိရှိသမျှ အရာ အားလုံးဟာ ပျက်စီးမှုကိုသာ အဆုံးသတ် စောင့်မျှော်နေကြတယ်။ ခဏတိုင်း ခဏတိုင်းမှာ အရာရာတိုင်း၊ သတ္တဝါတိုင်း၊ တစ်ခုပြီး တစ်ခု၊ တစ်ကောင်ပြီး တစ်ကောင် – သေမင်းရဲ့ လက်မှာ သတ်ဖြတ်ခံ၊ လည်စင်းခံနေကြရတယ်။ ဒါကိုပဲ – လည်စင်းမခံရသေးတဲ့ ကြက်တွေ၊ အလှည့်မရောက်သေးတဲ့ ကျန်သူတွေက တစ်ဦးနဲ့ တစ်ဦး တိုက်ခိုက်နေကြ၊ သေသွားသူတွေ အတွက် ဝမ်းသာအယ်လှဲ နေရာလုကြ။ အသက်ရှူဝဖို့ ထိုးဆိတ် နေကြဆဲပဲ။ လိုချင်တဲ့ အရာတွေ တစ်ခုပြီး တစ်ခုနောက်ကို လိုက်ရင်း အပြိုင်အဆိုင် လုယက်နေဆဲပဲ။

တစ်နေ့မှာ ကိုယ့်လည်ပင်းကို ဆွဲဆုပ်၊ ခေါ်ထုတ်သွားမယ့် လက်တံရှည်ကြီးဟာ ဘယ်သူမဆို အပေါ် ချွင်းချက်မရှိ ရောက်လာပါလိမ့်မယ်။ တစ်ဦးနဲ့ တစ်ဦး အရင်သွားမယ့်သူ၊ နောက်သွားမယ့်သူ၊ အရှေ့နဲ့ နောက် သာ ကွာခြားလိမ့်မယ်။ ခဏတိုင်း ခဏတိုင်းမှာ သေမင်းရဲ့ ဓားချက်နဲ့ အသက်ထွက် ကြရမယ်။ အဲ့မတိုင်ခင်ကြား – မိမိ အသက်ရှူဝဖို့၊ မိမိ ဂုဏ်သိက္ခာတက်ဖို့၊ မိမိ အထင်ကြီးခံရဖို့၊ မိမိ လိုရာ ရဖို့ ပြိုင်ဆိုင်နေဆဲ၊ ညှင်းဆဲနေဆဲ။ တိုက်ခိုက် ပုတ်ခတ်နေကြဆဲပဲ။ မိမိ မျက်စိရှေ့မှောက်- သွေးအလိမ်းလိမ်း မြင်နေရတဲ့တိုင် – လျော့သွားတဲ့ သူနေရာကို ဝင်ယူဖို့ ဝမ်းသာအားရ ပြင်ဆင်နေကြဆဲ။ နောက်ဆုံးမှာတော့ ဒီသူတွေ အားလုံးပဲ သေမင်းရဲ့ လက်အောက် လည်စင်းရောက်သွားကြတော့တာပဲ။
………………………………
ဆရာပါရဂူ၏ “ခြင်းတောင်းထဲက ကြက်” ကို ဖတ်ရှုရင်း ~

လိင်မှုဆိုင်ရာ အသိပညာပေးရေးနှင့် ဆယ်ကျော်သက် (ဆောင်းပါး)

မိုးယံ

sex-education

မိန်းကလေး ကျောင်းသူတွေကို သခွားသီးမှာ ကွန်ဒုံးအစွပ်ကို အစားထိုး စွပ်ခိုင်းရတဲ့အခါ အတော့်ကို ကသိ ကအောင့်  ဖြစ်ကြတာကို တွေ့ခဲ့ရတယ်။ ဒါပေမယ့် အခုလုပ်တဲ့ လိင်ပညာပေး အလုပ်ရုံ ဆွေးနွေးပွဲလေးကို တက္ကသိုလ်ကျောင်းသားတွေ ပြင်ဆင်လာကြတဲ့ အတိုင်း အထစ်အငေါ့မရှိ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ်။ တက္ကသိုလ်ကျောင်းသား/သူတွေ ဦးဆောင်ပြီး အလယ်တန်းဆင့် ကျောင်းသားတွေကို သင်ကြားပို့ချ ဆွေးနွေးသွားကြတာပါ။ ဆယ်ကျော်သက် အရွယ်တွေရဲ့ ချစ်မှုကြိုက်မှုကိစ္စကို ထိန်းဖို့ဆိုတာ ခက်ခဲတဲ့ ကိစ္စပါ။ အခုလို လိင်မှုဆိုင်ရာ ကိစ္စကို ဆွေးနွေးဖို့ကတော့ အတော့်ကို မလွယ်ပါဘူး။

မန်တနာ ၁၅ နှစ် သမီးတုန်းက ကောင်လေး တစ်ယောက်နဲ့ ဇာတ်လမ်းဖြစ်တော့ သူ့မိဘတွေကော၊ ဆရာတွေကော ဝိုင်း မေးခွန်းထုတ်ကြ၊ ကန့်ကွက်ကြတာ မခံမရပ်နိုင်အောင်ပါဘဲ။

“အဲဒီတုန်းက သူတို့တတွေ စိုးရိမ်လို့ ပြောကြတယ် ဆိုတာကို ကျမသိတယ်။ ဒါပေမယ့် ကျမ ဘယ်လိုမှ နားမဝင်ခဲ့ဘူး” ဟု သူမက ပြောတယ်။

အခု ၂၁ နှစ် အရွယ် မန်တနာက သမာဆပ်တက္ကသိုလ်မှာ စာနယ်ဇင်းနှင့် လူထုဆက်ဆံရေှးှပညာ အကြီးတန်းကို တက်ရောက်နေသူပါ။ သူမရဲ့ ဆယ်ကျော်သက် အတွေ့အကြုံကို ပြန်သုံးသပ်ရင်း ရင်ခုန်တက်စ၊ ကလေးသာသာ တုန်းက လုပ်ချင်တာတွေ၊ ဖြစ်ချင်တာတွေကို ဘယ်လူကြီးကမှ အတင်း ထိန်းကျောင်း ချုပ်ချယ်ချင်လို့ မရပါဘူး။ ချစ်ကြကြိုက်ကြတဲ့ ကိစ္စတွေဆို ပိုလို့တောင် လက်မခံကြဘူး။ အဲဒီအရွယ် ယောက်ျားလေးပဲ ဖြစ်ဖြစ်၊ မိန်းကလေးပဲ ဖြစ်ဖြစ် စိတ်ခံစားမှုကို အဓိကထားကြတယ်။ ချင့်ချိန်စဉ်းစားမှု မရှိခဲ့ဘူး။ အဲဒီလို အချိန်မှာ တကယ်လိုတာက လူကြီးသူမတွေရဲ့ နားလည်မှုရှိစွာ တည့်မတ်ပေးဖို့ပါ လို့ သူမက ပြောပါတယ်။

ဒီကိစ္စဟာ မိသားစုဝင် အချင်းချင်းကြားမှာ ဖြစ်တတ်တဲ့ ဆက်ဆံရေး ပြဿနာတင် မဟုတ်ပဲ၊ ထိုင်းနိုင်ငံရဲ့ လူငယ်တွေကို လိင်မှုဆိုင်ရာ အသိပညာပေးရေးကို ချဉ်းကပ်ရာမှာ စိန်ခေါ်မှု တစ်ခု ဖြစ်တယ်လို့ သူမက ဖြည့်ပြောပါတယ်။ လူကြီးမိဘတွေနဲ့ လိင်ကိစ္စ၊ ကာမဆက်ဆံမှု ကိစ္စတွေနဲ့ ပတ်သက်ပြီး၊ ပွင့်ပွင့်လင်းလင်း မပြောဆိုရဲဘူး၊ မဆွေးနွေးရဲဘူး။ သူတို့က ကိုယ့်အပေါ် ပုံစံတမျိုးမြင် သွားမလားဆိုတဲ့ သံသယက လွှမ်းမိုးနေတယ်။ အဲဒီအချက်က လိင်မှုဆိုင်ရာပညာပေးဖို့ အတွက် အဓိက အခက်အခဲပဲလို့ သူမရဲ့ ထင်မြင်ချက်ကို ပြောပါတယ်။

အခု သူမပါဝင် လုပ်ဆောင်နေတဲ့ “ဆယ်ကျော်သက်တို့ အတွက် ဘဝတွက်တာ” ဆိုတဲ့ လိင်ပညာပေး အလုပ်ရုံ ဆွေးနွေးမှုက ပိုနည်းလမ်းကျတဲ့ ချည်းကပ်မှုလို့ ဆိုတယ်။ ဒီအစီအစဉ်ကို သူမတက်ရောက်နေတဲ့ စာနယ်ဇင်းနှင့် လူထုဆက်ဆံရေး ပညာဌာနနဲ့ ပလန် ဖောင်ဒေးရှင်း (ထိုင်းနိုင်ငံ) တို့ ပူးပေါင်းလုပ်ဆောင်နေကြတာပါ။

အခု လုပ်နေတဲ့ လိင်မှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲက ကျောင်းသားတွေကို လိင်နှင့် လိင်ဆက်ဆံမှု အသိပညာ ကိစ္စတွေနဲ့ ဆွေးနွေးပို့ချရာမှာ အချက်အလက် မှန်ကန်ဖို့၊ လက်တွေ့ကျဖို့၊ နားလည်သိမြင် လွယ်ဖို့ ဆိုတဲ့ ဦးတည်ချက်နဲ့ လုပ်ပါတယ်လို့ ပလန်ရဲ့ ထိုင်းနိုင်ငံဆိုင်ရာ ဒါရိုက်တာ မာဂျာကူဘာရူဘီရာ က ပြောပါတယ်။

သူမက ဆက်ပြီး “ငယ်ရွယ်သူတွေ အနေနဲ့ အချက်အလက် အမှန်ကိုရမယ်၊ အဲဒီ အပေါ်မူတည်ပြီး အသိနဲ့ ဆုံးဖြတ်လာတက်ဖို့ကို ပထမဦးဆုံး လုပ်ယူပါတယ်။ ကျမတို့ ငယ်တုန်းကလည်း ဒီလို ချစ်ကြကြိုက်ကြပြီး၊ ရူးရူးမူးမူးနဲ့ အမှားအမှန် ဝေခွဲရခက်ခဲ့တာပဲ။

“ထိုင်းမှာ ဆယ်ကျော်သက်ရွယ် ကိုယ်ဝန်ဆောင်သည် ပြဿနာက တကယ့်ကို အကြီးကြီး ရှိနေတယ် ဆိုတာ အားလုံး အသိပဲ။ ဘာကြောင့် ဒီလိုဖြစ်ကြသလဲ ဆိုတော့ လိုအပ်တဲ့ အသိပညာ ဗဟုသုတ မရှိကြလို့ပဲ။”

 “သူတို့ကို ကာမဆက်ဆံမှု မလုပ်ကြနဲ့လို့တော့ ပြောလို့ရမှာ မဟုတ်ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ ဆက်ဆံမယ်၊ လုပ်မယ် ဆိုရင်တောင် မလိုချင်တဲ့ ကိုယ်ဝန် ရမလာအောင်၊ လိင်က တဆင့် ကူးစက်တဲ့ ရောဂါတွေ မကူးစက်နိုင်အောင် ဘယ်လို လုပ်ရမယ်ဆိုတာကို သူတို့ သိနေရင် မဖြစ်သင့်တဲ့ အခြေအနေတွေကို ကာကွယ်နိုင်တာပေါ့။”

အချို့ လူကြီးတွေက လိင်မှုဆိုင်ရာ အသိပညာပေး ကိစ္စကို ငယ်ငယ်ရွယ်ရွယ်နဲ့ မဟုတ်မဟပ်ကိစ္စတွေ လုပ်လာအောင် အားပေးအားမြှောက် လုပ်တဲ့ကိစ္စလို့ ယူဆနေကြတယ်” ဟု မန်တနာက ဖြည့်ပြောသည်။

“တကယ်က သူတို့ ယူဆေ နတဲ့ ပုံစံမျိုး မဟုတ်ပါဘူး။ လိင်မှုဆိုင်ရာ အသိရှိထားတော့ တစ်ယောက်ယောက်ကများ လိင်ဆက်ဆံဖို့ ကြံရင်တောင် အရိပ်အခြေကို သိတော့ ရှောင်ထွက်နိုင်တယ်၊ မတော်တဆ ကိုယ်ဝန် မရအောင်လည်း ကာကွယ်နိုင်လိမ့်မယ်။ အဲဒီသိခြင်းက အသုံးမတည့်ဘူးလား” လို့ သူမက ဆက်ပြောသည်။

အခု အစီအစဉ် တစ်ခုလုံးကို သမာဆပ်တက္ကသိုလ်မှ ကျောင်းသား/သူ ၃၀ က စီစဉ်ပုံစံချ သင်ပြခဲ့တာ ဖြစ်ပြီး၊ လိုအပ်တဲ့ အချက်အလက်၊ ပညာရပ်ပိုင်း ဆိုင်ရာ အကူအညီများကို ပလန် ဖောင်ဒေးရှင်းမှ အားဖြည့် ထောက်ပံ့ပေးခဲ့သည်။ ကွန်ဒုံးကို အသုံးပြုပုံ၊ ကိုယ်ဝန်တားဆေး၊ အကျပ်အတည်း ကြုံလာရင် ဘယ်လို ငြင်းမလဲ၊ သတိထားစရာ အခြေအနေတွေကို ပို့ချဆွေးနွေးသည်။

ယခု အလုပ်ရုံဆွေးနွေးပွဲကို စူဝမ်ခိုလတ်ဝီထိရာလိုင် ရန်စစ်ကျောင်းမှ အသက် ၁၃ နှစ်နှင့် ၁၄ နှစ် ဝန်းကျင် ကျောင်းသား/သူများနဲ့ ပြုလုပ်ခဲ့ကြသည်။

ဒီအရွယ်တွေက အရာရာကို စူးစမ်းချင်လာပြီ၊ စတင်ဖွံ့ဖြိုးတဲ့ အချိန်၊ သတင်းပလင်းပုံစံ မျိုးစုံ ကလည်း နေရာတကာမှာရှိပြီး၊ သူတို့ သိချင်ကြတယ်။ ဒါကြောင့် ဒီအရွယ်အုပ်စုကို ဦးတည်ချက်ထား လုပ်ဆောင်တာခြင်း ဖြစ်တယ်လို့ သမာဆပ်တက္ကသိုလ်၊ စာနယ်ဇင်းနှင့် လူထုဆက်ဆံရေးပညာဌာန တွဲဖက်ပါမောက္ခ ကလျာကွန်က ဆိုပါတယ်။

အခုအစီအစဉ်က ပို့ချတဲ့ အသိပညာတွေကို လက်ခံနိုင်တဲ့ အရွယ်၊ မဖြစ်သင့် မဖြစ်ထိုက်တာကို မဖြစ်အောင် ကာကွယ်နိုင်သေးတဲ့ အရွယ်တွေ အတွက် တိကျသေချာတဲ့ အချက်အလက်တွေနဲ့ ပြင်ဆင်ပေးထားပါတယ်။

(ဒုတိယ ပိုင်းဆက်လက်ဖော်ပြပါမည်)

Bangkok Post သတင်းစာပါ Arusa Pisuthipan ရေးသားသော Sex from Students’ Perspective ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

http://bangkokpost.com/multimedia/vdo/338908/sex-education-for-a-colourful-and-prolonged-life

အန္တရာယ်တောင်ကြားက ကျောင်းတက်ချင်တဲ့ သမီးငယ်

 

သူမသည် မိန်းကလေး တစ်ယောက်ဖြစ်သည်။ ထိြု့ပင် ၁၄ နှစ်သာ ရှိသေးသော ကလေးငယ်တစ်ယောက်လည်း ဖြစ်သည်။ သို့သော် သူမသည် သူတို့အတွက်တော့ ကြောက်စရာ ကောင်းသော ရန်သူတော်ဖြစ်၏။ အမြစ်ဖြုတ်ရမည့် နိုင်ငံရေး ပြိုင်ဘက်တစ်ယောက်ဖြစ်သည်။ အပြစ်ကင်း နုနယ် ချစ်စရာကောင်းသော သူမ၏ မျက်နှာလေးကို ကြည့်လိုက်တိုင်း ရင်ထဲ အေးသွားရမည့်အစား ဆူဝေ ပူလောင်လာသည်။

ဒီကလေးမလေး ဘာဖြစ်လို့ သူတို့ ကို စိန်ခေါ် နေခဲ့ပါသနည်း။ အားနွဲ့ နုနယ်သူလေးက ဘာဖြစ်လို့ သူတို့လို သူရဲကောင်းကြီးတွေကို အန်တုရဲရပါသနည်း။ ဒါတွေ သိပ်နားလည်စရာ မလိုပါ။ သူ့တာဝန်က ဒီကလေးမလေး ကို လုပ်ကြံရန်သာ ဖြစ်သည်။ ကိုယ့်သမီးအရွယ်၊ နှမလေး အရွယ်ပါလားဆိုသည့် ခံစားချက်မျိုး မခံစားမိခင် မှာပင် သေနတ်မောင်းကို ဆွဲညှစ်လိုက်သည်။ မိန်းကလေး ဦးခေါင်းမှာ သွေးများဖြာပြီး လဲသွားတာမြင်တော့ သူ့ရဲဘော် တာလီဘန် စစ်သည်ကြီးများဆီ သတင်းကောင်းပါးရန် တိမ်းရှောင် ပြေးထွက်လာခဲ့သည်။ သူ့အထင်တော့ ဒီကောင်မလေး သေလေပြီ။ သူ မသိလိုက်သည်မှာ တစ်ခုတော့ရှိသည်။ တာလီဘန်တွေ အကြောက်ကြီး ကြောက်နေသည့် ၁၄ နှစ်သမီး ကလေး၏ ရင်ထဲ နှလုံးသွေးထဲမှာရှိသော အစ္စလာမ် အမျိုးသမီးတိုင်း တန်းတူပညာသင်ခွင့် ရကို ရရမည်ဆိုသည့် အားကောင်းမောင်းသန် လိုလားတောင့်တချက် ကိုတော့ ဘယ် တာလီဘန်ကမှ မလုပ်ကြံနိုင် ခြင်းပင်ဖြစ်သည်။

ပါကစ္စတန်နိုင်ငံ တာလီဘန်ကြီးစိုးရာဒေသ ဆွက်တောင်ကြားတွင် မိန်းကလေးများ ကျောင်းယူနီဖောင်းဖြင့် ကျောင်းသွားခြင်းမှာ အလွန်စွန့်စားရသော ကိစ္စတစ်ခုဖြစ်သည်။ တာလီဘန်များက မိန်းကလေးကျောင်းများကို မကြာခဏ လာရောက် တိုက်ခိုက်ကြလေ့ရှိသည်။ မိန်းကလေး ပညာတတ် တစ်ယောက် ထွက်ပေါ်လာဖို့ အလွန်ပင်ခက် ခဲလှသော အခြေအနေ ဖြစ်၏။ သို့သော် အံ့သြ မကုန်နိုင်သည့် ရဲရင့်ခြင်းမျှော်လင့်ချက် အလင်းရောင် ထွက်ပေါ်လာသည်။ ၄င်းမှာ မာလာလာယူဆက်ဖ်ဇိုင်း ဟု အမည်ရသည့် လက်ရှိ ကမ္ဘာ့အချစ် တော် သမီးငယ်လေးပင်ဖြစ်တော့သည်။

သူမကို ၁၉၉၇ ခုနှစ်တွင် ပါကစ္စတန် အစ္စလာမ်မစ် စစ်သွေးကြွ များနှင့် တိုက်ပွဲများ ဖြစ်ပွားလေ့ရှိရာ အနောက်မြောက်ပိုင်း ဆွက်တောင်ကြား မင်ဂိုရာမြို့နယ်မှာ ဖွားမြင်ခဲ့သည်။ တစ်ချိန် တာလီဘန် အုပ်စိုးစဉ်က မိန်းကလေးများကို ကျောင်းတက်ခွင့် မပေးခဲ့သော ဆွက်တောင်ကြားတွင် မာလာလာသည် မိန်းကလေးများ ပညာသင်ခွင့် လှုပ်ရှားဆောင်ရွက်သူအဖြစ် ကျော်ကြား လူသိများလာခဲ့သည်။

ဆွက်တောင်ကြားကို တာလီဘန်များ အုပ်စိုးစဉ်က ကြုံတွေ့ရသော နေ့စဉ် အဖြစ်အပျက်များကို မှတ်တမ်း ဒိုင်ယာရီ ရေးသားခဲ့ပြီး ထိုဒိုင်ယာရီကို ဘီဘီစီ အူရဒူ ဘာသာ အစီအစဉ်က ထုတ်လွှင့်ခဲ့သည်။ ထိုစဉ်က မာလာလာ၏ အသက်သည် ၁၁ နှစ်သာရှိသေး၏။ ထိုစဉ်အချိန်ကတည်းက မိန်းကလေးများ ကျောင်းနေခွင့်၊ စစ်ဆန့်ကျင်ရေး စသည့် အငွေ့အသက်များ ပါဝင်သော ကလေးငယ်တစ်ယောက်၏ ရိုးသား ကြောက်ရွံ့ခြင်း များကဲသည့် အရေးအသား များကြောင့် သူ၏ ဒိုင်ယာရီသည် ဖတ်မှတ်နားထောင် လိုက်ရသူများကို ရင်ထဲ နင့်ခနဲ ဖြစ်သွားစေ၏။

၂ဝဝ၉ ခုနှစ် အတွင်းက ဆွက်တောင်ကြား ဒေသ၏ နေရာတော်တော် များများကို တာလီဘန်တို့ သိမ်းပိုက်ဖူးပြီး အစ္စလာမ္မစ် ဘာသာရေး ဥပဒေဖြင့် အုပ်ချုပ်ရေးကို အသက်သွင်းဖူးသည်။ မိန်းကလေးများ ကျောင်းတက်ခွင့်ကို ပိတ်ပင်ခဲ့ပြီး၊ ကျောင်းများစွာကိုလည်း ပိတ်ပစ်ခဲ့သည်။ ထိုစဉ်က မာလာလာသည် ဂရိတ်ဆဲဗင်း ကျောင်းသူဖြစ်သည်။ သူ၏ဒိုင်ယာရီ စာစုလေးတွေကြောင့် ပြည်တွင်းပြည်ပ မီဒီယာများက ဆက်သွယ်လာကြပြီး မာလာလာ လူသိများသွားသည်။ လူသိများမှုနှင့် ဆုတံဆိပ်များကို အသုံးပြုလျက် သူမက မိန်းကလေးများ လွတ်လပ်လုံခြုံစွာ ပညာသင်ကြားခွင့်ကို ဆက်လက် လှုပ်ရှားသည်။ နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး၏ နိုင်ငံတကာ ငြိမ်းချမ်းရေး ကလေးငယ်ဆုကိုလည်း လက်ခံရရှိခဲ့သည်။ ပါကစ္စတန်နိုင်ငံ၏ လူငယ် ငြိမ်းချမ်းရေး ဆုကိုလည်း ရရှိသည်။

သူလုပ်ကြံ ခံရသောနေ့က အောက်တိုဘာလ ၉ ရက်နေ့ ဖြစ်သည်။ ကျောင်းမှအပြန် တာလီဘန် သေနတ် သမားများက ချောင်းမြောင်းပစ်ခတ် လုပ်ကြံကြခြင်း ဖြစ်၏။ ဦးခေါင်းနှင့် လည်ပင်းတို့ကို ထိသွားသည်။ နာရီပေါင်း များစွာကြာအောင် သတိမေ့နေခဲ့သည်။ စိုးရိမ်ရသော အခြေအနေတွင် လူနာတင် လေယာဉ်ဖြင့် ဗြိတိန်နိုင်ငံသို့ ပို့ဆောင်ကုသပေးလျက်ရှိရာ ယခု အခြေအနေ ပြန်ကောင်းလာပြီဟု ဆရာဝန်ကြီးများက ဆိုကြသည်။

မာလာလာကို လုပ်ကြံ ပစ်ခတ်ခဲ့သည့် တာလီဘန်များကို ပါကစ္စတန် အစ္စလာမ် ဘာသာရေး ခေါင်းဆောင်များ က ဆန့်ကျင်ကြောင်း အောက်တိုဘာ လ ၁၂ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ မာလာလာနှင့် သူ၏ဖခင် ဇီအူဒင်တို့ နှစ်ယောက်လုံးကို ရအောင်သတ်မည်ဟု တာလီဘန် များကလည်း ချက်ချင်း တုံ့ပြန် သည်။ ပါကစ္စတန်နိုင်ငံအနှံ့ တာလီဘန် ဆန့်ကျင်ရေးနှင့် ငြိမ်းချမ်းရေး လိုလားသော လမ်းမပေါ် ဆုတောင်းသံ များ ညံသွားသည်။ ပါကစ္စတန်ပြည်တွင်း မီဒီယာ အားလုံးလောက်နီးပါးက တာလီဘန်များ၏ အဆိုပါ လုပ်ရပ် ကို ရှုတ်ချရေးသား ကြသည်။

ကလေးပင်ဖြစ်ပါစေ
မီဒီယာများက မာလာလာ ယူဆက်ဖ်ဇိုင်း၏ သတင်းကို ရေးသားနေခြင်းသည် ဘက်လိုက်မှုများ ရှိနေသည်ဟု ပါကစ္စတန် တာလီဘန်က တုံ့ပြန်ပြောကြားသည်။ ကောင်မလေးသည် အနောက်အုပ်စု၏ စပိုင်ကလေးဖြစ် ကြောင်း၊ တာလီဘန်ကို ဆန့်ကျင်ပြောဆိုကြောင်း၊ အစ္စလာမ်၏ ရန်သူတော် အိုဘားမား၏ အယူအဆများကို ဖြန့်ဝေနေသူဖြစ်ကြောင်း တာလီဘန်များက ဆိုသည်။ “ကျွန်ုပ်တို့သည် သူ၏ ပညာရေး အပေါ် ပြောဆိုနေမှု တို့ကို တိုက်ခိုက်ခြင်း မဟုတ်ပေ။ မူဂျာဟစ်ဒင်နှင့် ယင်း စစ်သည်တော်တို့ ဝင်နေသော စစ်ပွဲကို ဆန့်ကျင်သော ကြောင့် တိုက်ခိုက်ရခြင်း ဖြစ်ပေသည်။ အစ္စလာမ် ဥပဒေက အစ္စလာမ်ကို ဆန့်ကျင်သော စကားပြောဆိုသည့် ကလေးငယ်ကိုပင် သုတ်သင်ထိုက်သည် ဟု သင်ကြားကြသည်” ဟု တာလီဘန်များက ၄င်းတို့၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားကြသည်။
“တာလီဘန်ဟာ သတင်းစာဆရာတွေကို လေးစားစွာ ဆက်ဆံနေပါတယ်။ ဒါပေမဲ့ တချို့မီဒီယာတွေက မာလာလာ ယူဆက်ဖ်ဇိုင်းကို ထောက်ခံရေးသားနေ ကြပြီး တာလီဘန်ကိုတော့ သွားပုပ် လေလွှင့် ပြောနေ တာကို တွေ့ရပါတယ်” ဟု ပါကစ္စတန် တာလီဘန် TTP ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် အာဆန်နူလာ အာဆန်က ပြောကြားသည်။

ဖအေတူ
မိန်းကလေးငယ်၏ ရဲရင့်စွာ ရပ်တည်မှုနှင့် ပတ်သက်ပြီး အံ့သြတကြီး ထောက်ခံအားပေးမှုများ ကမ္ဘာအနှံ့မှာ တွေ့ရသော်လည်း မိန်းကလေးငယ်ကို ပြုစုပျိုးထောင် ပေးလိုက်သည့် သူ့ဖခင်ကိုမူ (ကမ္ဘာ့သတင်း လေ့လာ သူများ ကြားတွင်) လူသိနည်းသည်။ အသက် ၁၁နှစ် အရွယ်မှာပင် နိုင်ငံတကာ အင်တာဗျူးများ ဖြေဆိုခဲ့ရာ မိန်းကလေး ပညာရေး၊ အကြမ်းဖက်ခြင်းနှင့် အိန္ဒိယ-ပါကစ္စတန် ဆက်ဆံရေး စသော ပြဿနာကြီးများကို ကိုးကား ပြောဆိုတတ်သည်။

ဖခင်ကြီးစိုးပြီး ရှေးရိုးစွဲသော တောင်ကြား အစ္စလာမ္မစ် လူ့အသိုင်းအဝိုင်း တွင် ထိုသို့ သမီးငယ်တစ်ယောက်က ရဲဝံ့ပြတ်သားစွာ ဂျီဟတ် စစ်သည်တော်ကြီးများကို ကန့်ကွက် ပြောဆိုရဲဖို့ ဆိုတာ မည်သို့မှ မဖြစ်နိုင်ပေ။ သူမ၏ နောက်တွင် ပြုစုပျိုးထောင်ပေးနေသော နောက်ထပ် အစဉ်အလာ တော်လှန်ရေးသမား တစ်ဦးရှိ၏။ သူ၏ ဖခင် ဇီအူဒင်ယူအက်ဖ်ဇိုင်း ပင်ဖြစ်သည်။ ဇီအူဒင်သည်လည်း ပညာရေးဆိုင်ရာ တက်ကြွ လှုပ်ရှားသူ တစ်ဦး ဖြစ်ကာ ဆွက်တောင်ကြား မင်ဂိုရာမြို့တွင် ကျောင်းတစ်ကျောင်း နှင့် ကောလိပ်တစ်ခု ထောင်ထားသည်။
“ကလေးမလေးရဲ့ အဖေဟာလည်း အစဉ်အလာကို တော်လှန်တည်ထောင်လိုသူ တစ်ယောက် ဖြစ်တယ်။ သူက တကယ့်လူပဲ၊ နားလည်ရလည်း ခက်တယ်” ဟု ပါကစ္စတန် အခြေစိုက် Amnesty International ၏ သုတေသနအဖွဲ့ဝင် မူစတာဖာကာဒရီ က ပြောကြားသည်။ “သူဟာ ဘာသာတရား ကိုင်းရှိုင်းတဲ့ အစ္စလာမ် ဘာသာဝင်ကောင်း တစ်ယောက်လည်း ဖြစ်ပြီး သမီးကိုလည်း ပညာတတ်ဖြစ်စေချင်၊ မိန်းမတိုင်းကိုလည်း ယောက်ျားတွေ နဲ့ တန်းတူ ပညာတတ် ဖြစ်စေချင်တဲ့ လူတစ်ယောက် ဖြစ်ပါတယ်” ဟု မူစတာဖာက ဆက်လက် ပြောဆိုသည်။

အမှန်တကယ်တော့ ဇာအူဒင်သည်လည်း ဆွက်တောင်ကြားတွင် နေထိုင်ရသည်မှာ အန္တရာယ်များလှသူ ဖြစ်သည်။ သူထောင်ထားသော ကျောင်းများကို အမေရိကန်က ပိုက်ဆံထောက်ပံ့ထားသည်ဟု ကောလာဟလ များ ဆွက်တောင်ကြားလို နေရာမျိုးမှာ ပျံ့နေခြင်းသည် သူ့အတွက် သိပ်ကောင်းလှသည်မဟုတ်ပေ။ တာလီဘန် လုပ်ကြံသတ်ဖြတ်ချင်သော စာရင်းတွင် ၄င်းက ထိပ်ဆုံးမှ ပါနေပြီး ညအိပ်လျှင် နေရာမျိုးစုံ သွားအိပ်နေရသူဖြစ်သည်။ သမီးလေး သေနတ်နှင့် ပစ်ခံရခြင်းသည် ဇာအူဒင်ကို ပြင်းပြင်းထန်ထန် ထိခိုက် သွားကြောင်း၊ လုပ်ကြံ ခံရသည့်နေ့က ဇာအူဒင်သည် တစ်နာရီခွဲလောက် ကြာအောင် ငိုနေခဲ့ကြောင်း ၄င်းတို့ မိသားစုနှင့် နီးစပ်သည့် မိတ်ဆွေ သူငယ်ချင်းများက Time မဂ္ဂဇင်းကို ပြောကြားခဲ့သည်။ မာလာလာ၏ အခြေအနေ ကောင်းမွန်နေလျက်ရှိကြောင်း ဘာမင်ဂန် ဆေးရုံဆရာဝန်ကြီးများက ပြောကြားသည်။
“ကောင်မလေးရဲ့ တောင့်ခံနိုင်စွမ်းရည်နဲ့ သန်စွမ်းမှုကတော့ ချီးကျူးစရာပဲဗျို့” ဟု ဆရာဝန်ကြီး ဒေါက်တာ ဒေးဗစ်ရော့စ်ဆာက ပြောကြားသည်။ ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း၊ သို့သော် မူလအတိုင်း ပြန်လည်ကောင်းမွန်ရန်တော့ အချိန်အတော်ကြာ လိုကြောင်း၊ ရှင်းရှင်းကြီး စိတ်ချရသည့် အခြေအနေတော့ မဟုတ်ကြောင်း ၄င်းဆရာဝန်ကြီးက ဆိုသည်။ တာလီဘန် သေနတ်သမား၏ ကျည်ချက်ကြောင့် ဦးခေါင်းနှင့် လည်ပင်းတွင် မာလာလာ ဒဏ်ရာ ရသွားသကဲ့သို့ ယင်းစစ်သွေးကြွ အဖွဲ့၏ သမိုင်းတွင်လည်း ဆိုးဆိုး ဝါးဝါး ဒဏ်ရာ ရရှိသွားစေမှုဖြစ်သည်။

ပါကစ္စတန်နှင့် ကမ္ဘာလုံးအနှံ့ ဆုတောင်း ပွဲများ၊ တာလီဘန် ဆန့်ကျင်ရေး ကန့်ကွက်ပွဲများ ကလေးမလေး၏ ဓာတ်ပုံကို ကိုင်ဆောင်လျက် ပြုလုပ်ကြသည်။ အမျိုးသမီး ဝန်ကြီးချုပ်ပင် ရှိခဲ့သော ပါကစ္စတန် မိန်းကလေး တိုင်းကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ပညာရေးကို တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ ယဉ်ကျေးသော လူ့အဖွဲ့ အစည်းကို တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ပါကစ္စတန် သမ္မတ ဇာဒါရီက တာလီဘန်များကို ရည်ရွယ် ပြောဆိုခဲ့သည်။

သန့်ဇင်စိုး
Ref : BBC, Time

http://www.thevoicemyanmar.com/ မှကူးယူဖော်ပြပါသည်။

အနောက်ကမ္ဘာနဲ့ အစ္စလမ်လောကသားတို့ ရခိုင်အရေးမှာ ဘာလို့ တစ်သံတည်း ထွက်ကြသလဲ

အနောက်ကမ္ဘာနဲ့ အစ္စလမ်လောကသားတို့ ရခိုင်အရေးမှာ ဘာလို့ တစ်သံတည်း ထွက်ကြသလဲ

ကျော်ဇော်ဦး၊ Coral Arakan News၊ ဘာသာပြန်သည်၊
၂၅ နိုဝင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊ [ ဘာသာပြန်ဆောင်းပါး ]
(Photo – မြောက်ဦးမြို့ အလိုတော်ပြည့်ကျောင်း ရှိ ဒုက္ခသည်များက အလှူရှင်များအား အပြန်တွင် လှမ်းငေးနေကြပုံ)
(Fuadi Pitsuwan ရေးသား၍ ကျော်ဇောဦး ဘာသာပြန်သည်။ ရှုမြင်သုံးသပ်ချက် ရပ်တည်ချက်တို့မှာ မူရင်းဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။)
အမေရိကန်သမ္မတ အိုဘားမားရဲ့ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ထောမတ်စ် ဒွန်နီလွန် က အိုဘားမား ကို ပြောတယ်။ မြန်မာသမ္မတဦးသိန်းစိန် နဲ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့နဲ့တွေ့တဲ့ အခါကျရင် ရခိုင်ပြည်နယ်က ဘင်္ဂါလီရိုဟင်ဂျာတွေ ရဲ့ ဖြစ်အင် အတွက် ပူပန်မိကြောင်းကို ထုတ်ဖော်ပြသဖို့ လိုအပ် လိမ့်မယ်လို့ သူက အိုဘားမား ကို အကြံပေးတယ်။
တရားဝင်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရဆိုရင် ပြီးခဲတဲ့လက နောက်ဆုံးအကြိမ် ဖြစ်ခဲ့တဲ့ ဗုဒ္ဓဘာသာဝင် လူများစုနဲ့ မူဆလင် လူနည်းစုအကြား ပဋိပက္ခတွေမှာ လူ့အသက်ပေါင်း (၈၉)သက် ဆုံးရှုံးခဲ့ရတယ်။ ကမ္ဘာကြီးတစ်ခုလုံးလိုလိုက ဒါကို သြော် . . . ဗုဒ္ဓဘာသာဝင်တွေ နဲ့ မူဆလင်တွေ အကြား တိုက်ကြခိုက်ကြပေသကိုး လို့ မြင်ရုံမျှ မြင်နေကြစဉ်မှာ၊ တကယ့်အဖြစ်တွေက ဒါထက်မက ရှုပ်ထွေး နက်နဲလှတယ်။
ဒီပဋိပက္ခတွေရဲ့ချက်မဗဟိုမှာ သွားသွားမြင်ကြတာက ဘင်္ဂါလီရိုဟင်ဂျာတွေကို (မြန်မာ)နိုင်ငံတော် က အကာအကွယ်မပေးဘူး ဆိုတဲ့အချက်ပဲ။ သူတို့တတွေဟာ မြန်မာနိုင်ငံအတွင်းမှာ မျိုးဆက်ပေါင်း များစွာ နေခဲ့ကြပြီဖြစ်သော်ငြားလည်း သူတို့ကို နိုင်ငံသားအဖြစ်အသိအမှတ်မပြုတဲ့အတွက် သူတို့ကို ဒီလို အကောအကွယ်မပေး တာဖြစ်တယ် လို့ မြင်နေကြတယ်။ ဗုဒ္ဓဘာသာရခိုင်တွေကလည်း အဲဒီ ဘင်္ဂါလီတွေကို သံသယ မျက်မှန်စိမ်း နဲ့ ကြည့်မြင်ကြတယ်။ ဒီလူတွေဟာ တစ်ဘက် ဘင်္ဂလာဒေ့ရှ် ကနေ ခိုးဝင်လာတဲ့ ကောင်တွေ၊ ဒီနိုင်ငံမှာလာနေပြီး တိုင်းရင်း ရခိုင်စကား ဗမာစကား မပြောကြတဲ့လူတွေ၊ ဒီက ယဉ်ကျေးမှုကို လက်မခံကြတဲ့လူတွေ ရယ်လို့ပဲ မြင်ကြတယ်။
အဲ . . . မျှမျှတတ ဖြစ်အောင် ကျွန်တော်ကြားကနေ ၀င်ပြောရမယ်ဆိုရင် ကိုယ့်ကိုယ် ကို ရိုဟင်ဂျာ ပါ လို့ ဆိုနေကြတဲ့လူ တော်တော်များများဟာ တကယ်လည်း ခိုးဝင်လာကြတဲ့လူတွေဖြစ်နေတယ် ဗျ။ နောက်ပြီးတော့ ဘယ်သူက ဘင်္ဂါလီရိုဟင်ဂျာ အစစ်အမှန်လဲ၊ ဘယသူတွေကရော ဘင်္ဂလာဒေ့ရှ်ကနေ ခိုးဝင်ကူးပြောင်းအခြေချတဲ့ သူတွေ ဖြစ်နေသလဲ ဆိုတာ ခွဲခြားဖို့ရာ အလွန်အမင်း ခက်ခဲလွန်းလှပါတယ်။
ဒီပဋိပက္ခတွေအတွင်းမှာ ဗုဒ္ဓဘသာတွေဖက်ကနေ ပင်းပါတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေရဲ့စွပ်စွဲဖြင်းကို ခံရတဲ့ မြန်မာအာဏာပိုင်တွေအနေနဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေကို အခုထက် ပိုမိုပြီး ကောင်းကောင်းမွန်မွန် လူလူသူသူ ဆက်ဆံပေးဖို့အရေးကို မူဆလင်နိုင်ငံတွေက လိုချင်အားကြီးပြီး စိတ်ရောကိုယ်ပါ အိနြေ္ဒမရ ဖြစ်နေကြတယ်။
တူရကီဝန်ကြီးချုပ်ရဲ့ဇနီး Emine Erdogan နဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီး Ahmet Davutoglu တို့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ရခိုင်ပြည်နယ်ကို လာရောက် လည်ပတ် တယ်။ ဒီခရီးစဉ်ကြောင့် ဒီ(ရခိုင်ပြည်နယ်)ပဋိပက္ခကို နိုင်ငံတကာမီဒီယာက ကျယ်ကျယ်ပြန့်ပြန့် တင်ပြမှုတွေဖြစ်လာခဲ့ရပြီး၊ အစ္စလမ်မစ်ကမ္ဘာကလည်း ဒီအရေးကို အာရုံစိုက်မိလာခဲ့တယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ ဒုတိယသမ္မတအဖြစ်ဆောင်ရွက်ဖူးပြီးတဲ့အပြင် အင်ဒိုနီးရှား ကြက်ခြေနီ အဖွဲ့ကြီးရဲ့ လက်ရှိအကြီးအကဲအဖြစ် ဆောင်ရွက်နေသူ Jusuf Kalla ဆိုရင် လည်း ဒီအရေးကို သူ့အတွက် တကယ့်မဟာတာဝန်ကြီးပမာ ကိုယ့်ဘာသာ ကိုယ် သတ်မှတ်ပြီးသကာလ၊ ဒီဘင်္ဂါလီရိုဟင်ဂျာ အရေးမှာ မြန်မာအစိုးရအနေနဲ့ ငြိမ်းငြိမ်း ချမ်းချမ်း ဖြေရှင်းတဲ့နည်းလမ်းနဲ့ ဆောင်ရွက်စေဖို့ရာ အင်ဒိုနီးရှားအစိုးရက ဖျောင်းဖျရာမှာ ဦးဆောင်ပါဝင်ခဲ့တယ်။
ဆော်ဒီအာရေဗီးယား ဆိုရင်လည်း ဒီပဋိပက္ခဟာ မူလဆင်ဘာသာဝင် ဘင်္ဂါလီရိုဟင်ဂျာ တွေကို “လူမျိုးတုံး ရှင်းထုတ်သတ်ဖြတ်မှု (ethnic cleansing)” လုပ်နေတာဖြစ်ပါတယ် ဆိုပြီး ရှုတ်ချလိုက်တယ်။ ဆော်ဒီဘုရင် အဗ္ဗဒူလာဆိုရင်လည်း ဘင်္ဂါလီရိုဟင်ဂျာ တွေသက်သက် အတွက် ဒေါ်လာ သန်း ငါးဆယ်ဖိုး အကူအညီတွေ ပို့လိုက်တယ်လို့ ဆိုကြတယ်။
အဲ . . . နောက်တစ်ခါ အီရန်။ ဘင်္ဂါလီရိုဟင်ဂျာတွေအပေါ် ဒီလိုဆက်ဆံနေမှုတွေကို အီရန်နိုင်ငံက ဆန့်ကျင်ကန့်ကွက်ပြောဆိုတယ်။ နောက်ပြီးတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ “လူမျိုးတုံး သတ်ဖြတ်မှု(genocide)” ကို ရပ်တန်းကရပ်နိုင်အောင် မူဆလင်နိုင်ငံတွေနဲ့တကွ နိုင်ငံတကာ အဖွဲ့အစည်းတွေ က မြန်မြန်ထက်ထက် အရေးယူ ဆောင်ရွက်မှုတွေ ပြုကြဖို့ တိုက်တွန်း ဆော်သြတယ်။
နောက်တစ်ခုကတော့ အိုအိုင်စီ။ အစ္စလမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကြီး၊ အင်္ဂလိပ် လိုကတော့ The Organisation of Islamic Cooperation (OIC) လို့ခေါ်တယ်။ မူဆလင် နိုင်ငံပေါင်း (၅၇)နိုင်ငံပါဝင်တဲ့ ဒီအဖွဲ့ကြီးဟာ မြန်မာနိုင်ငံကို အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲကစေလွှတ်ပြီး ဒီအရေးနဲ့ ပတ်သက်လို့ စကားပြောစေတယ်။ ဒါ့တင်မက ဒီအရေးနဲ့ ပတ်သက်လို့ စဉ်ဆက်မပြတ် ပြောနေဆိုနေဆဲလည်းဖြစ်တယ်။ အိုအိုင်စီရဲ့ အထွေထွေ အတွင်းရေးမှူးရဲ့ ပြောစကားတွေအရဆိုရင်၊ အိုအိုင်စီဟာ အိုဘားမားမြန်မာပြည်ကို အလည်အပတ် မလာခင်ကကို သမ္မတအိမ်ဖြူတော်ဆီ စာတစ်စောင် ပို့ထားတယ်လို့ဆိုပါတယ်။ အဲသည်စာထဲမှာ အမေရိကန် သမ္မတ တစ်ယောက်ယောက်ရဲ့ ပထမဆုံး မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိခြင်း အနေနဲ့ သမိုင်းဝင်လာမယ့် အဲသည်ခရီးစဉ်မှာ သမ္မတအိုဘားမားအနေနဲ့ ဘင်္ဂါလီရိုဟင်ဂျာ အရေးကို ထုတ်ဖော်တင်ပြပြောဆိုဖို့ရာ အိုအိုင်စီက တိုက်တွန်းထားတယ်။
အခြေအနေတွေကို လှမ်းကြည့်လိုက် . . . ။ မူဆလင်ကမ္ဘာရဲ့ စည်းလုံးညီညွတ်မှုကို အရင့်အရင်က တစ်ခါမှ မမြင်ဖူးတဲ့ စုစည်းမှုမျိုးနဲ့ မြင်တွေ့ရတယ်။ မူဆလင် ပြည်ထောင်တွေဟာ အသံတစ်သံတည်း နဲ့ အော်နေကြတယ်။ အဲသည် အသံကလည်း လူ့အခွင့်အရေးကို ကာကွယ်ပေး ဖို့ ပြောနေတာ ဖြစ်နေ ပြန်တယ်။
ဒီမူဆလင်နိုင်ငံတွေထဲက တချို့သောနိုင်ငံတွေဟာ ဒီ(ဘင်္ဂါလီ)အရေးကို အသုံးချပြီး မိမိတို့နိုင်ငံတွေ ကိုယ်နှိုက်ရဲ့ လူ့အခွင့်အရေးဆိုင်ရာမူဝါဒတွေ ချွတ်ချော် လွဲမှားနေတာ ကို အာရုံလွဲနိုင်ဖို့ ကြိုးစားတဲ့သဘောလည်းပါတယ်။ ဒီတော့ ဘင်္ဂါလီရိုဟင်ဂျာတွေရဲ့ ဖြစ်အင်ဟာ မူဆလင်နိုင်ငံတွေအတွက် အကျိုးတူဖြစ်ထွန်းစေတဲ့ ဘုံ အနေအထား တစ်ရပ်ကို ဖော်ဆောင်လိုက်ပါတယ်။ ဒါအပြင် ပိုအရေးကြီးတဲ့အချက်တစ်ချက်က၊ အခုပြောနေတဲ့ မူဆလင်နိုင်ငံတွေရဲ့ အခုတူညီနေကြတဲ့ အကျိုးစီးပွားတွေဟာ အနောက်ကမ္ဘာအနေနဲ့ အစဉ်အလာအားဖြင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြတဲ့ စံတန်ဖိုးတွေဖြစ်နေပြန်တယ်။ (ဥပမာ လူ့အခွင့် အရေး ဆိုတာမျိုးပေါ့။)
ဒီလိုအခြေအနေမျိုးကတော့ အမေရိကန်အတွက် ပွပေါက်တိုးတာပါပဲ။ ဒီလိုအခွင့်အရေး မျိုးကို လုံးဝကို လက်လွတ်ခံလို့ မဖြစ်ပါဘူး။ မူဆလင်နိုင်ငံတွေ များများစားစားနဲ့ အခုလို သဘောထားချင်း တိုက်ဆိုင် နေကြတဲ့ ကြုံတောင့်ကြုံခဲအနေအထားမှာ စကားလေး ဘာလေး ၀င်ပြောလိုက်မှ ဖြစ်မှာပေါ့။ ဒါမှ နောက်များ အာရပ်-အစ္စရေး ပဋိပက္ခတို့ ဘာတို့ကျရင် ဟိုလိုလို ဒီလိုလို အီးယောင်းဝါးခွင့် သာမှာပေါ့။
တူရကီ ဆိုတဲ့နိုင်ငံကလည်း ကိုလူလည်။ တူရကီအစိုးရကို ဝေဖန်ပြစ်တင်သူတွေကို ကာ့ဒ်လူမျိုး တက်ကြွလှုပ်ရှားသူတွေကို တူရကီအစိုးရက ပယ်ပယ်နယ်နယ် ဆော်ပလော်တီးတဲ့အကြောင်းနဲ့ ပတ်သက်လို့မေးခွန်းတွေအမေးခံရရင် တူရကီဟာ ရွာကို ပတ်ပြေးပြီး ရှောင်ပုန်းနေတတ်သူ ဖြစ်တယ်။
အင်ဒိုနီးရှားကျတော့ သူတို့နိုင်ငံက ခရစ်ယန်လူနည်းစုတွေကို ဘယ်လိုခွဲခြားဆက်ဆံ သလဲ ဘယ်လိုနွှာသလဲ ဆိုတဲ့အကြောင်းကိုရောက်ရင် အင်းမလုပ် အဲမလုပ်နဲ့ မြုံစိစိ လုပ်နေတတ်တဲ့နိုင်ငံ ပေါ့။
ဆော်ဒီအာရေးဗီးယားကျတော့ သူတို့နိုင်ငံက အမျိုးသမီးတွေအခွင့်အရေး ဆုံရှုံးနေရတဲ့ ကိစ္စတွေ ကိုရှောင်တယ်။ မပြောဘူး။ အီရန်ကျတော့ (ဆီးရီးယားသမ္မတ) အာဆဒ် အစိုးရ လက်ထက်မှာ လူတွေကို အစုလိုက်အပြုံလိုက် သတ်ခဲ့တယ် ဆိုတာ သိသိကြီးနဲ့ ဆီရီးယားအရေးမှာ ၀င်မစွက်ပါနဲ့ ဆီးရီးယားအရေးမှာ ၀င်မစွက်ပါနဲ့လို့ တကျော်ကျော် အော်တဲ့ နိုင်ငံမျိုးဖြစ်တယ်။
အေး . . . ၊ ဒါပေမဲ့ ဒီလိုနိုင်ငံတွေအကုန်လုံးဟာ ဒီနေရာကျမှ ရုတ်ချင်း မေတ္တာဓါတ် တွေ ကြီးမားလာပြီး မူဆလင်ဘာသာဝင် ဘင်္ဂါလီရိုဟင်ဂျာတွေဟာ အခြေခံ လူသား အခွင့် အရေးတွေရရှိဖို့ ထိုက်တန်သူတွေ ဖြစ်ပါတယ် ဆိုတာတို့၊ မြန်မာ အာဏာပိုင် တွေ အနေနဲ့ ဒီထက်ပိုပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံဖို့ကောင်းပါတယ် ဆိုတာ တို့တွေ ဘာတွေ ပြောကုန် ကြပါလေရော။

မူဆလင်(ဘင်္ဂါလီ)ရိုဟင်ဂျာတွေရဲ့ ခံစားနေရတဲ့ဖြစ်အင်အတွက် အမေရိကန်အနေနဲ့ စိုးရိမ်ပူပန်မှု ရှိနေပါတယ် ဆိုတာကို ပြောလိုက်ခြင်းဟာ အမေရိကန်ဟာ မူဆလင်ကမ္ဘာ နဲ့ ရန်ဘက်အနေအထားမှာ ရှိမနေပါဘူးလို့ ပြလိုက်ရာရောက်ပါတယ်။ မူဆလင်နိုင်ငံ တွေနဲ့ လက်တွဲပြီးတော့ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးကိုလေးစားမှု နဲ့ မတူကွဲပြားမှုကို သည်းခံနိုင်မှုတို့ တိုးတက်ထွန်းကားအောင် လုပ်ဆောင်နိုင် ဖို့ရာ မူဆလင်နိုင်ငံတွေနဲ့ လက်တွဲလုပ်ဆောင် နိုင်မယ့် ဒီအခွင့်အလမ်းကို အမေရိကန် အနေနဲ့ မလွတ်တမ်း အသုံးချနိုင်ခွင့်ရှိလာပါတယ်။

မနေ့က (ဆိုလိုတာက နိုဝင်ဘာလ ၁၆ ရက်နေ့က) ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြော တဲ့အခါ၊ ဘယ်လို မျိုး ဆင်ခြေဆင်လက်တွေနဲ့မျှ အပြစ်ကင်းတဲ့ လူတွေကို အပြစ်မရှိတဲ့ လူတွေကို အကြမ်းမဖက်ရဘူး ဆိုတာကို ပြောပြီးသကာလ? ဘာသာကွဲ အုပ်စုကွဲတွေကြား မငြိမ်မသက်ပဋိပက္ခကို ရပ်စဲကြဖို့ မစ္စတာ အိုဘားမားက တိုက်တွန်း သွားခဲ့တယ်။

ဒါပေမဲ့ ဒီပဋိပက္ခကို ကမ္ဘာကြီးက တုံ့ပြန်ကြရာမှာ တူညီစွာ ထားရှိကြ တယ်လို့ ပေါ်ပေါက် တဲ့၊ လောကအလယ်မှာ ပွင့်လန်းလာတဲ့ ဓမ္မပါလ တရားတွေ တန်ဖိုးစံတွေကို ဒီထက် မက ဖွံ့ဖြိုးအောင် အမေရိကန်သမ္မတ က ဆက်လက် လုပ်ဆောင် သွားသင့်ပါတယ်။ (အေး . . . ဟုတ်တော့ ဟုတ်တာပေါ့၊ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မိမိတို့ဟာ ဒီအရေးမှာ အသုံးချခံသွားရတဲ့ လူတွေလို့ မိမိတို့ကိုယ်မိမိ မခံစားမိရ လေအောင် အိုဘားမားအနေနဲ့ နုညံ့သိမ်မွေ့စွာကိုင်တွယ် လုပ်ဆောင်သွားရ မှာပေါ့ လေ။)

အစ္စလမ်ကမ္ဘာ နဲ့ အနောက်ကမ္ဘာတို့ဟာ ရခိုင်ပြည်နယ်မှာ တူညီတဲ့ဆုံမှတ်တစ်ခုကို ရှာမယ်ဆိုရင် ရှာတွေ့နိုင်ကြပါတယ်။ အစ္စလမ်ကမ္ဘာ နဲ့ အနောက်ကမ္ဘာတို့ ရဲ့ ပြန်လည်ချစ်ကြည်ပေါင်းစည်းနိုင်မှုဆီကို သွားရာလမ်းဟာ မြန်မာနိုင်ငံရဲ့ အနောက်ဘက် အစွန်ဆုံးက ကြမ်းတမ်း ခက်ထရော် လှတဲ့ ရခိုင်ပြည်နယ်ကနေ ဖြတ်သွားတယ်လို့ပဲ ပြောမယ်ဆို ပြောလို့ ရနိုင်ပါတယ်။

(ကျော်ဇောဦး ဘာသာပြန်သည်။)

================================

စာရေးသူ ဖူအဒိ ပစ်ဆူဝန် (Fuadi Pitsuwan )ရဲ့ ဒီဆောင်းပါးကို ဒီ ဘန်ကောက်ပို့စ် မှာ မဖော်ပြခင် Pacific Forum CSIS Pacnet series မှာ ပုံနှိပ် ဖော်ပြပြီးဖြစ်ပါတယ်။ မူရင်းဆောင်းပါး အမည်က West, Islam can unite over Rohingya cause ဖြစ်ပြီး၊ အောက်ပါ လင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

http://www.bangkokpost.com/opinion/opinion/322093/west-islam-can-unite-over-rohingya-cause

(Photo – မြောက်ဦးမြို့ အလိုတော်ပြည့်ကျောင်း ရှိ ဒုက္ခသည်များက အလှူရှင်များအား အပြန်တွင် လှမ်းငေးနေကြပုံ)

ဖင်လန်နိုင်ငံအဘယ်ကြောင့် ပညာရေးတွင်ထိပ်တန်း ဖြစ်ရသနည်း

ဟားဗတ်တက္ကသိုလ်မှ ပါမောက္ခတိုနီဝဂ္ဂနာက ဖင်လန်နိုင်ငံသည်ပညာရေးတွင် ထိပ်တန်းနိုင်ငံတစ်နိုင်ငံ ဖြစ်လာရခြင်းအား စာမေးပွဲကိုအလေးမထားမှုကြောင့်ဟု တိုတိုတုတ်တုတ်မှတ်ချက်ပြုသွား သည်။

ဖင်လန်နိုင်ငံသည် အဘယ်ကြောင့်ကမ္ဘာအံ့ဖွယ် ပညာရေးစနစ်ဖြင့် အောင်မြင်သည့်နိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့ရသနည်း။စက်မှုလက်မှုနိုင်ငံ တစ်နိုင်ငံသည် ပညာရေးတွင် အအောင်မြင်ဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့ရသည်။အစဉ်အလာ ပညာရေးကစာမေးပွဲစနစ်ဖြင့်အဆုံးသတ်သည်။စစ်ဆေးခြင်းသည်ကလေးတစ်ယောက်ဘ၀အတွက်အဖြေဖြစ်နေသည်။ထိုအနေအထားကိုဖင်လန်ပညာရေးက တော်လှန်ပြီး ပြုပြင်ပြောင်းလဲနိုင်သောကြောင့် အောင်မြင်ခဲ့လေသလား ဆန်းစစ်ရန်လိုပါသည်။

ဤအဖြေကိုပါမောက္ခဝဂ္ဂနာနှင့် ဒေးဗစ်ဆီရိုတာတို့၏အင်တာဗျူးကအဖြေပေးနိုင်လိမ့်မည်ထင်သည်။

Q : ဖင်လန်နိုင်ငံဘာကြောင့် အောင်မြင်ရတာလဲ။ပညာရေးမှာ နောက်ခံတွေကောင်းလို့လား၊စနစ်တွေကောင်းလို့လား။ဒီကနေစပြီးဆရာ့ကို ဆွေးနွေးပေးဖို့ဖိတ်ခေါ်ပါတယ်။

A : ၁၉၇၀အစောပိုင်းလောက်တုန်းကဖင်လန်နိုင်ငံရဲ့ပညာရေးကအဲဒီလောက်မဟုတ်သေးဘူး။လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့စီးပွားရေးစနစ်ဖြစ်နေလို့ဆင်းရဲသေးတယ်လို့ ပြောနိုင်တယ်။တကယ်တော့ သူတို့အလျှင်အမြန်ပြုပြင်ပြောင်းလဲ ခဲ့ကြတာ။ပညာရေးစနစ်ကို ပြန်ပြီးတော့အားသစ်တွေလောင်းတယ်။ ပြုပြင်ပြောင်းလဲမှုတွေအများကြီးလုပ်တယ်။သူတို့ကစီးပွားရေးကိုတောင်အသိပညာကိုအခြေခံသည့်စီးပွားရေးစနစ်ဆိုပြီးလုပ်ကြတာ။

ဒီလိုနဲ့၁၉၇၀ လောက်ရောက်တော့ ပြုပြင်ပြောင်းလဲမှုကို လုပ်တော့မယ်ဆိုပြီး အနာဂတ်အတွက် ဆရာလောင်းတွေကို စိတ်ကြိုက်ရွေးချယ်ကြတယ်။ ပညာရေးကို ပြုပြင်ပြောင်းလဲတော့မယ်ဆိုပြီး လုပ်သင့်လုပ်ထိုက်တာကို ပထမဦးစားပေးအနေနဲ့လုပ်ကြတာပါ။ဆရာတွေထဲက ရွေးချယ်ရာမှာပရိုဆန်ဆန်တကယ်တော်တဲ့သူတွေကိုပဲ ရွေးကြတယ်။ဆရာတိုင်းကိုသာမန်ဘွဲ့လောက်ထက်မာစတာဘွဲ့ရဆိုတာမျိုးဖြစ်ရမယ်ဆိုပြီး ရွေးကြတာ။ဒါကြောင့်ဆရာဖြစ်ချင်တယ်ဆိုတဲ့သူတွေကိုသာမန်ဘွဲ့လောက်နဲ့မဖြစ်ဘူးဆိုပြီးအရည်အသွေးကို မြှင့်တင်လိုက်တာဟာ အောင်မြင်ရတဲ့ပထမအကြောင်းတရားဖြစ်မယ်။

ဆရာ့အလုပ်ဆိုတာ လေးစားလောက်တဲ့အလုပ်ဆိုတာထက်ပညာအရည်အချင်းနဲ့လည်းကန့်သတ်ပိုင်းဖြတ်ပြီး မြှင့်ယူခဲ့ကြတယ်။အဲဒီလို လေးစားဂုဏ်ယူစရာအကောင်းဆုံးအမြင့်မားဆုံးအလုပ်ဖြစ်အောင် လစာတွေကအစ အမြင့်ဆုံးဖြစ်အောင်လုပ်ပေးခဲ့တယ်။ဆရာအလုပ်လာလျှောက်တဲ့၁၀ ယောက်မှာ ၁ ယောက် လောက်ပဲ စာသင်ခန်းထဲ ဝင်ခွင့်ရတဲ့အထိအလုပ်ကိုကန့်သတ်ပစ်လိုက်တယ်။ဒါကြောင့်လည်းနိုင်ငံတကာကPISAလို့ခေါ်နေတဲ့ပညာရည်အဆင့်ကိုသူတို့ ကောင်းကောင်း ကျော်ဖြတ်နိုင်ခဲ့ကြတာပေါ့။အနောက်နိုင်ငံတွေထက်သူတို့သာသွားတာအဲဒီအချက်ကြောင့်ပဲ။အာရှသားတွေပညာတော်တယ်ဆိုတဲ့အဆင့်အထိသူတို့ကလိုက်ပြီးခြိမ်းခြောက်နိုင်ခဲ့တယ်။ဒီလိုနဲ့ ကမ္ဘာ့အဆင့်မှာပါ ပညာရေးထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ရတော့တာပဲ။

Q : ဆရာတွေကိုပဲအခြေခံထားပြီး ပြုပြင်လိုက်တယ်။နိုင်ငံအတွင်းမှာစာမေးပွဲစနစ်ကိုရောမလုပ်ကြဘူးလား။PISAဆိုတာ ကနိုင်ငံတကာစာမေးပွဲတစ်ခုမဟုတ်လား။

A : ဟုတ်တာပေါ့။သူတို့နိုင်ငံတွင်းမှာစာမေးပွဲဆိုတာမလုပ်ဘူး။စစ်ဆေးတဲ့ပုံစံ လုပ်တယ်ဆိုပေမယ့် ကလေးတွေကိုအကဲဖြတ်ဖို့စစ်တာလောက်ပဲရှိတယ်။သူများတွေစစ်သလိုစာမေးပွဲပုံစံကြီးနဲ့စစ်တာမျိုးမရှိဘူး။တစ်ဦးနဲ့တစ်ဦးပြိုင်ဖို့ဆိုတဲ့သဘောမျိုးတွေနဲ့စစ်ဆေးတာမျိုးတွေမဟုတ်ဘူး။စာမေးပွဲမရှိတော့သူတို့ကိုဘာနဲ့မက်လုံး ပေးရသလဲဆိုရင်ကိုယ့်အလုပ်မှာကိုယ်တတ်ကျွမ်းမှု၊နားလည်မှုဆိုတာတွေနဲ့တိုင်းတာမှုတွေလုပ်ရတယ်။သူတို့ကိုပိုင်းဖြတ်တဲ့ဆရာတွေအပေါ်မှာသူတို့လုံးဝယုံကြည်အားထားနိုင်တယ်။သူတို့ဆောင်ပုဒ်က “ကိုယ့်ကျွမ်းကျင်မှုကိုယုံကြည်ပါ”ပဲ။ဒါကြောင့်လည်း သူတို့ဖင်လန်မှာ အမြင့်ဆုံးနဲ့အနိမ့်ဆုံး ကျောင်းကွာခြားချက်က၄ရာခိုင်နှုန်းလောက်ပဲရှိတယ်။

Q : ဖင်လန်မှာလုပ်နေတဲ့ပညာရေးပြုပြင် ပြောင်းလဲမှုနဲ့ အမေရိကန်မှာလုပ်နေတဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုက လုံးဝဆန့်ကျင်ဘက်ဖြစ်နေပါတယ်။သူတို့နဲ့ယှဉ်လိုက်ရင်အမေရိကန်ကဆရာတွေကမကောင်းဆိုးဝါးတွေလိုဖြစ်မနေဘူးလား။ပြီးတော့ကျွန်တော်တို့ပညာရေးကကလေးတွေကိုစာမေးပွဲနဲ့ဖိထားတာလေ။ဒီနှစ်နိုင်ငံရဲ့ သဘောထားတွေက ဘာကြောင့်များ အဲဒီလောက်ကွာခြားနေရတာလဲဆရာ။

A : ပထမဦးဆုံး အဓိကကျတဲ့အချက်က ဖင်လန်နိုင်ငံဟာပညာရေးမှာသာမဟုတ်ဘူး တီထွင်ကြံဆမှုမှာလည်း ထိပ်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နေသေးတယ်။သူတို့မှာစွန့်ဦးတီထွင်နိုင်အားတွေအရမ်းကောင်းကြတယ်။ခင်ဗျားတို့ အဘိုးတို့ခေတ်လောက်ကဆိုရှယ်လစ်စကားမျိုးတွေသူတို့ပြောကြတာမဟုတ်ဘူး။

အမေရိကန်မှာလည်း ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတယ်ဆိုတာကစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အဓိက မောင်းနေကြတာ။Xerox ကုမ္ပဏီက ဒေးဗစ်ကီရန်နဲ့ IBM ကုမ္ပဏီကလူးဂါ့စ်နာတို့ကပညာရေးဆိုင်ရာညီလာခံကြီးတစ်ခုကိုလုပ်တယ်လို့ကြားတယ်။ဒါပေမယ့်သူတို့ဘယ်ပညာရေးသမားတွေကိုမှမဖိတ်ကြဘူး။သူတို့ဖိတ်တာကCEO တွေ၊အစိုးရအဖွဲ့ဝင်တွေ၊လွှတ်တော် အမတ်တွေလောက်ပဲဖိတ်ပြီး ဆွေးနွေးကြတာ။

ကျွန်တော်နားလည်ထားတာကလုပ်ငန်းတွေမှာကျွမ်းကျင်တဲ့သူတွေလိုတာပဲဗျ။ဘ၀အာမခံချက်ပေးနိုင်တဲ့ ပညာရေးလို့ဘယ်လောက်ပဲအော်အော်ပညာရေးစနစ်အပေါ်အယုံအကြည်မရှိရင်လည်း အောင်မြင်မှာမဟုတ်ဘူး။ဖင်လန်နဲ့ဘာကွာခြားသလဲဆိုတော့အဲဒီမှာကနှစ်ပါတီစနစ်ပဲရှိပေမယ့်အဲဒီနှစ်ပါတီစလုံးကနှစ်ပေါင်း၃၀ ကျော်လောက်ပညာရေးကိုအလေးထားလုပ်ရကောင်းမှန်းသိတယ်။ဆရာတွေကိုတကယ့်အရည်အသွေး မြှင့်တင်ပေးရ ကောင်းမှန်းသိတယ်။သူတို့ကလုပ်ငန်းတွေနဲ့ပညာရေးကိုလည်းပူးပေါင်းဆက်စပ်ထားတယ်။ ပေါ်လစီရေးဆွဲသူတွေ ပညာရေးဘက်ကပညာရှင်တွေ ပေါင်းစည်းညီညွတ်ကြတယ်။ကျွန်တော်တို့အမေရိကန်မှာလိုအပ်နေတာအဲဒါပဲဗျ။

Q : အမေရိကန်ပညာရေးနဲ့ဖင်လန်ပညာရေးကိုနှိုင်းယှဉ်ရတာမျှတနိုင်ပါ့မလားဆရာ။ဖင်လန်နိုင်ငံက လူမျိုးတစ်စုတည်းလိုလိုပဲ ရှိတာ။အမေရိကန်မှာကလူမျိုးကွဲတွေဒီလောက်များနေတာ။

A : ဖင်လန်နိုင်ငံမှာကလူတွေထင်ထားတာထက်ပိုပြီးတော့တောင်ကွဲပြားမှုတွေရှိနေပါတယ်။လူဦးရေရဲ့ ၅၀ရာခိုင်နှုန်းလောက်ကဒုတိယဘာသာစကားကိုပြောကြတယ်။ဟယ်ဆင်ကီဘာသာစကားပြောတဲ့ ကျောင်းပေါင်း ၄၅ရာခိုင်နှုန်းလောက်ရှိတယ်။ဖင်လန်ကို အမေရိကန်နဲ့ မနှိုင်းယှဉ်နိုင်ဘူးဆိုပေမယ့် သူတို့မှာလည်း အဲဒီကွဲပြားမှုတွေက အရမ်းကြီးမားတယ်။ဖင်လန်နိုင်ငံရဲ့အရွယ်အစားနဲ့လူဦးရေကကျွန်တော်တို့ ပြည်နယ်တစ်ပြည်နယ်စာ လောက်ပဲရှိတယ်။ဖင်လန်ကိုကျွန်တော်တို့တိုင်းပြည်ကမင်နီဆိုးတားပြည်နယ်လောက်နဲ့ပဲနှိုင်းယှဉ်ကြည့်ရအောင်။ ဒေသကလည်း အတော်လေးတူတယ်။ဒါပေမယ့်နိုင်ငံတကာနဲ့ယှဉ်လိုက်ရင်သူတို့ကဘာကြောင့်မြင့်တက်သွားရသလဲ။ကျွန်တော်တို့မှာ သူတို့ဆီကနေ လေ့လာသင်ယူစရာတွေအများကြီးပဲ။

Q : စီးပွားရေးအရဆိုရင်ရောဘယ်လိုပြောမလဲဆရာ။နယူးယော့ခ်တက္ကသိုလ်ပါမောက္ခဒိုင်ရင်းရာဗစ်ခ်ျက ပြောဖူးတယ်။ပညာရေးတစ်ခုတည်းနဲ့တော့ဒီတိုင်းပြည်ရဲ့ဆင်းရဲမွဲတေမှုကိုမဖြေရှင်းနိုင်ဘူးဆိုတာပေါ့။ဆင်းရဲခြင်းကိုဖြစ်စေတဲ့ အကြောင်းတရားတွေအများကြီးတော့ရှိတာပေါ့။ဖင်လန်နိုင်ငံမှာက စီးပွားရေးအရ ဆင်းရဲချမ်းသာကွာဟချက် အရမ်းနည်းတယ်လို့သိရပါတယ်။အဲဒီလိုဆင်းရဲမွဲတေမှုနည်းပါး ခြင်းကလည်းပညာရေးမှာ အောင်မြင်ရတဲ့ အကြောင်းအချက်တစ်ခုဖြစ်မနေဘူးလားဆရာ။

A : အဲဒီအတွက်အဖြေနှစ်ခုရှိတယ်။ပထမကတော့လူမျိုးရေးနဲ့လူတန်းစားကွာဟမှုကိုအရင်ပြောရမယ်။ စာမေးပွဲ စစ်ဆေးရင်ဆင်းရဲတဲ့သူတွေရဲ့ရမှတ်တွေကရောဆင်းရဲလို့နည်းမယ်ထင်သလား။ဒါကြောင့် လူတန်းစား ကွာခြားလို့ လူမျိုးရေးကွဲပြားလို့ရမှတ်တွေကွာခြားရမယ်ဆိုတာမျိုးတော့မရှိပါဘူး။ဒီတိုင်းပြည်မှာက စီးပွားရေးကွာဟချက်တွေ များတယ်ဆိုတာမှန်ပါတယ်။ဒါတွေလျှောက်ပြောရရင်တော့ပိုပြီး ဝေးလိမ့်မယ်ထင်တယ်။

တစ်ခုတော့ရှိတယ်။ချမ်းသာတဲ့ရပ်ကွက်ကအကောင်းဆုံးကျောင်းတွေနဲ့၊ပုဂ္ဂလိကကျောင်းတွေ ယှဉ်ရင်တော့ ကွာကောင်းကွာမယ်။ ဒါပေမယ့်ဆရာရဲ့သင်ကြားနိုင်စွမ်းနဲ့ရလဒ်တွေကိုလည်း ပြန်သုံးသပ်ရမယ်။ကျွန်တော်တို့မှာက စာမေးပွဲနဲ့တိုင်းတာနေတော့ဉာဏ်ကောင်းရင်အမှတ်ကောင်းကောင်းရမယ်။ အောင်မယ်ပေါ့။ဒါပေမယ့်သူတို့မှာ ကျွမ်းကျင်မှုတော့မရှိနိုင်ဘူး။ကမ္ဘာ့အဆင့်ကိုမီချင်ရင်စာကျက်ပြီးမှတ်မိတာလောက်နဲ့ ပြန်ဖြေတာမျိုးမလုံလောက်တော့ဘူး။ဖင်လန်သား တွေလုပ်နေသလိုပညာအခြေခံစီးပွားရေးကိုကမ္ဘာ့အဆင့်အထိ မြှင့်တင်နိုင်အောင်လုပ်မှဖြစ်လိမ့်မယ်။

ဖင်လန်ဘာကြောင့်ပညာရေးမှာတိုးတက်သလဲဆိုရင်သင်ကြားရေးကိုအရမ်းထူးချွန်အောင်လုပ်ကြတယ်။သူတို့သင်ကြားတဲ့ ပုံစံက ကြောင်းကျိုးဆင်ခြင်တဲ့သင်ကြားနည်းမျိုးမဟုတ်တော့ဘူး။သင်ကြားနည်းမှာသူတို့အတွက်စံတစ်ခုသီးခြားရှိနေတယ်။

ဒုတိယအချက်ကသင်ယူမှုမှာသူတို့ကအရေးအကြီးဆုံးကဘာလဲလို့အမြဲဆန်းစစ်တယ်။သူတို့သင်ကြားမှု-သင်ယူမှုဖြစ်စဉ်မှာ ပြဋ္ဌာန်းစာအုပ်ကိုအလွတ်ကျက်မှတ်ရတာမျိုးတွေလုံးဝမရှိတော့ဘူး။သူတို့ကကြက်တူရွေးလိုအလွတ်ရွတ်ပညာရေးထက် တွေးခေါ်စဉ်းစားနိုင်တဲ့ပညာရေးကိုဦးစားပေးလာကြတယ်။ ပြဋ္ဌာန်းစာအုပ်ဆိုတာအလွတ်ကျက်ဖို့မဟုတ်ဘူး၊စဉ်းစားတွေးတောဖို့ အခြေခံလို့သဘောထားလာကြတယ်။ကျွန်တော်တို့အချမ်းသာဆုံးကျောင်းတွေတောင်မှ ကမ္ဘာ့အဆင့်မီလို့သာပြောနေတယ်အဲဒီလိုမလုပ်နိုင်သေးဘူး။

Q : ဒါဆိုရင်ဆရာရယ်ဖင်လန်ကိုမီဖို့ဆိုတာပညာရေးကိုဖင်လန်လိုလိုက်လုပ်လိုက်တာနဲ့ ပြောင်းလဲတိုးတက်မှုတွေ မဖြစ်နိုင်ဘူးလား။စီးပွားရေးကွာဟချက်တွေ၊မညီမျှမှုတွေ မေ့ထားလိုက်ပြီးသူတို့လိုပုံတူကူးတာမျိုးပေါ့။

A : စီးပွားရေးကွာခြားတယ်ပြောရအောင် ဖင်လန်မှာလည်းဆင်းရဲတဲ့ကျောင်းတွေရှိတာပဲဗျ။သူတို့ကဆင်းရဲတာကိုမပြောဘူး။သင်ကြားမှုသင်ယူမှုမှာဘယ်လောက်စွမ်းဆောင်နိုင်သလဲဆိုတာကိုပဲဂုဏ်ယူပြောကြတယ်။ကျွန်တော်တို့တိုင်းပြည်မှာလည်း လူမည်းရပ်ကွက်ကဆင်းရဲတဲ့ကျောင်းတွေရှိတာပဲ။သူတို့အထက်တန်းအောင်ပြီး ကောလိပ်ကိုသွားရင် အောင်မြင်ကြတာပဲဗျ။လူဖြူတွေထက်တောင် အောင်မြင်သေးတယ်။ဒီတော့ဆင်းရဲတာ၊စီးပွားရေးကွာဟတာတွေနဲ့သိပ်မဆိုင်တော့ဘူး။သင်ကြားရေးပဲ အရေးကြီးတယ်။လူမျိုးကွဲပြားတာလူတန်းစားကွဲပြားတာရှိကောင်းရှိမယ်။ဒါ တွေကို အကြောင်းပြပြီးတော့ ပညာရေးမှာ ကွဲပြားခြားနားနိုင်တယ်လို့ပြောတာတော့မမှန်နိုင်ပါဘူး။

Q : ဖင်လန်သားတွေပညာရေးကို မြှင့်တင်ရာမှာဆရာတွေရဲ့အခန်းကဏ္ဍကိုဦးစွာမြှင့်တင်ခဲ့တယ်လို့သိရပါတယ်။သူတို့ကဆရာအလုပ်ကို လေးစားဂုဏ်ယူဖွယ်အလုပ်တစ်ခုလိုတန်ဖိုးထားပြီး မြှင့်တင်ခဲ့ကြတာပါ။ကျွန်တော်တို့ အမေရိကန်မှာကတော့ဆရာဆိုတာအမျိုးမျိုးအပုပ်ချပြီးလက်ညှိုးထိုးစရာတစ်ခုအနေနဲ့သဘောထားကြတာ။အဲဒီအပေါ်မှာရော ဆရာ့အနေနဲ့ဘယ်လို မြင်ပါသလဲ။

A : သူတို့ကဆရာကိုသိပ္ပံပညာရှင်တွေလို့ထင်ပြီး၊စာသင်ခန်းကိုဓာတ်ခွဲခန်းလိုသတ်မှတ်ထားကြတာ။ဒါကြောင့်လည်း သူတို့ကဆရာတိုင်းကိုမာစတာဘွဲ့တစ်ခုခုရမှအတန်းကိုအပ်တာ။သူတို့ယုံကြည်ထားတာက မာစတာဒီဂရီတစ်ခုခု ရထားတဲ့သူတွေဟာပညာရေးဆိုင်ရာသဘောတရားကိုပဲသင်သင်၊လက်တွေ့ပဲလုပ်လုပ် ပေါက်ကရလုပ်မယ့်သူတွေလို့ မထင်ကြဘူး။သူတို့ကသင်ကြားမယ့်အကြောင်းအရာတွေကို ကောင်းကောင်းပြင်ဆင်တတ်မယ်၊ဘာသင်ရမယ်ဆိုတာသိတယ်၊ဘယ်လိုသင်ရမယ်ဆိုတာလည်းသိကြတယ်။ဒါကသူတို့ဘာကြောင့်မာစတာဘွဲ့ရတွေကို ရွေးချယ်ရသလဲဆိုတဲ့ပထမအချက်။

ဒုတိယအချက်ကသူတို့ကဆရာအလုပ်ကိုငတ်လို့လုပ်တာဆိုတာထက်တတ်လို့ဝင်လုပ်ကြတာများတယ်။တကယ့်ကိုပရိုတွေဆန်ဆန်ဝင်လုပ်ကြတာ။လုပ်ငန်းလုပ်ဆောင်ရာမှာလည်းပူးပေါင်း ဆောင်ရွက်တဲ့စိတ်ဓာတ်တွေ အပြည့်ရှိကြတယ်။ ကျောင်းချိန်အတွင်းမှာတစ်ဦးကိုတစ်ဦးအပြည့်အကူအညီပေးကြတယ်။သင်ခန်းစာတွေကို ပူးပေါင်းပြင်ဆင်ကြတယ်။အကြံဉာဏ်တွေပေးကြတယ်။အဲဒီလိုတစ်ဦးကိုတစ်ဦး အကြံဉာဏ်ပေးတာကိုလည်း ဆရာလုပ်တယ်လို့မယူဆကြဘူး။သင်ခန်းစာတွေကိုကြိုတင်ပြင်ဆင်တယ်။ကျွန်တော်တို့ ကောင်းတယ်ပြောပြော ဆိုးတယ်ပြောပြောအလယ်ခေတ်ပညာသင်စနစ်လမ်းကြောင်းအတိုင်းပဲသွားနေကြသေးတယ်။ဆရာတစ်ယောက်ဟာ တစ်နေကုန်အလုပ်လုပ်ရတယ်။ နေ့တိုင်းလုပ်ရတယ်။တစ်ဦးတည်းလုပ်နေရင် တီထွင်ဖန်တီးနိုင်စွမ်းတွေ ကျဆင်းတတ်တယ်ဆိုတာ ဖင်လန်သားတွေ ကောင်းကောင်းသိတယ်။ဒါကြောင့်လည်း တစ်ဦးတည်း လုပ်ဆောင်ရတဲ့ အနေအထားတွေကိုသူတို့ ရှောင်ကြတယ်။ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ရလဒ်တွေကိုသူတို့ ကောင်းကောင်းသိအောင် လေ့ကျင့်ထားကြတယ်။ဒါကြောင့်လည်းသူတို့အောင်မြင်ကြတယ်။